နမ့်ဆန် စက်တင်ဘာ ၂၂
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ နမ့်ဆန်မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၃)ကျောင်းအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကွန်ပျူတာလှူဒါန်းပွဲတွင် ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးဝင်းကျော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးအောင်ကျော်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး တို့ တက်ရောက်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က အနောက်ကင်းကျေးရွာအုပ်စု အလကခွဲကျောင်း၊ ဟိုလတ်ကျေးရွာ အလကကျောင်းနှင့် မန်ဝဲ(အောက်) ရွာ အလကကျောင်း (၃)ကျောင်းတို့အတွက် လှူဒါန်းပေးသည့် ကွန်ပျူတာ၊ ကာလာ ပရင်တာ၊ မီးစက်တစ်စုံစီကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများထံ ပေးအပ်လှူဒါန်း ခဲ့ကြသည်။
ကွန်ပျူတာပေးအပ်ပွဲ အခမ်းအနားအပြီးတွင် နမ့်ဆန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ကုသရေး၊ စစ်ဆေးကြပ်မတ်သည့် လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေပြီး ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းတွင် သက်ဆိုင်ရာ ဌာနအလိုက်၊ ကျေးရွာအလိုက် တာဝန်ရှိပုဂ္ဂိုလ်များတို့က ပါဝင်ကူညီဆောင်ရွက်ပေးသွားဖို့နှင့် မလိုအပ်ဘဲ လူစုလူဝေးမလုပ်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို တိတိကျကျ လိုက်နာကြဖို့ကို ဒေသဦးစီး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းကျော်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး တို့က ထပ်ဆင့်ရှင်းလင်း ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)