ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

နေပြည်တော်   ဒီဇင်ဘာ   ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် လူငယ်၊ လူရွယ်များအနေဖြင့် အသိပညာဗဟုသုတများ ပိုမိုရရှိစေရန်၊ စကာပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာဖလှယ်ရာမှ အတွေ့အကြုံအသစ်များရရှိစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ကြည်မှုများ တိုးပွားလာပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်နှင့် ခရိုင်ပညာရေးမှူးဦးကျော်စိုးဝင်းတို့က အမှာစကားပြောကြားကြသည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ကျင်းပရာ Moderator (ညှိနှိုင်းရေးမှူး)အဖြစ် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က ဆောင်ရွက်ပြီး အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသူ မလင်းလင်းသူက လူငယ်နှင့်ပညာရေး၊ Grade-9 ကျောင်းသူ မသီရိနိုင်က လူငယ်နှင့်အားကစား၊ Grade-11 ကျောင်းသူ မရွှေရည်လင်းက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-11 ကျောင်းသား မောင်ဘုန်းပြည့်ကျော်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-9 ကျောင်းသူ မအိခွန်းချိုသာက လူငယ်နှင့်စာဖတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်အချက်များ အား မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြသည်။ ယင်းနောက် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် လူငယ်များအတွက် အသိပညာပေး နံရံကပ်ပြဘုတ်များကို  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)