မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

မိုင်းပျဉ်း   ဒီဇင်ဘာလ   ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက အထကကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ အထကကျောင်းအုပ် ဆရာမကြီးဒေါ်သီတာခိုင်က အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်းကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အထကကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ကဦးဆောင်၍ လူငယ်စကားဝိုင်း ဆွေးနွေးဆောင်ရွက်ကြရာ Grade-8 မှ မစင်သီယာဝင်းက “လူငယ်နဲ့စာရိတ္တ”၊ Grade-8 မှ  မနန်းငွေခြည်ထွန်းက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး”၊ Grade-10 မှ မောင်ဥက္ကာဟိန်းက “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ”နှင့် Grade-10 မှ မောင်ထက်အာကာကျော်က “လူငယ်နဲ့ကျန်းမာရေး” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြ သော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အထကကျောင်းအုပ်တို့က ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အထကကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဖန်ထမ်းများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

(နန်းသန္တာဦး)ပြန်/ဆက်