မိုင်းဆတ်မြို့၌ Date လွန်ဆေးဝါး၊ အလှကုန်၊ စိုက်ပျိုးရေးသုံးဆေးဝါးနှင့် ရက်လွန်အေးခဲအသားရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေး

မိုင်းဆတ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ရက်လွန်ဆေးဝါး၊ အလှကုန်၊ စိုက်ပျိုးရေးသုံးဆေးဝါးနှင့် ရက်လွန်အေးခဲအသားရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့နံနက်(၉)နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြနဂါးဆေးဆိုင်နှင့် စိုက်ပျိုးရေးသုံးဆေးဝါးအရောင်းဆိုင်၊ ကျော်ဆေးဆိုင်၊ အောင်ဆေးဆိုင်၊ ကောင်းကျော်လင်းဆေးဆိုင်၊ လျှမ်းဆေးဆိုင်၊ ထွန်းဆေးဆိုင်တို့တွင် Date လွန်ဆေးဝါးနှင့် ရောင်းချရန်မသင့်သောဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဝင်းနားအထည်နှင့် အလှကုန်ပစ္စည်းဆိုင်၊ မြို့မဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား အရေပြားထိခိုက်စေမည့် အလှကုန်နှင့် Date လွန် အလှကုန်များ ရောင်းချမှုမရှိစေရန်၊ Date လွန်အလှကုန်များနှင့် ဆေးဝါးများကို ဖျက်စီးရန် အသိပညာပေးပြောကြားပြီး အေးခဲသားရောင်းချသည့် အာရှစတားကုန်စုံဆိုင်၊ ပအိုဝ့်လေးပင်လယ်စာဆိုင်နှင့် မြို့မဈေးအတွင်းရှိ အေးခဲသားအရောင်းဆိုင်များအား ရက်လွန်အေးခဲ အသားရောင်းချမှုမရှိစေရေးနှင့် အသား၊ ငါးများ ယင်နားမှုမရှိအောင် ဖုံးအုပ်ထားရန် ဆိုင်တာဝန်ရှိသူများအား အသိပညာပေး ပြောကြားခဲ့သည်။

အဆိုပါ စစ်ဆေးခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးမြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်၊ မြို့နယ်စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဦးအောင်သူ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်၊ ကျန်းမာရေးကြီးကြပ်(၁) ဒေါ်လှိုင်နီမျိုးထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းနှင့် မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းတို့က ဒေသခံပြည်သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်ပစ္စည်းများ၏ ကျန်းမာရေး ဘေးထွက်ဆိုးကျိုးအန္တရာယ်မှ ကင်းဝေးကာ ကုန်ပစ္စည်းများအပေါ် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)