နမ့်မုတ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဘက်စုံသုံးခန်းမဆောင်သစ်ဖွင့်

မိုင်းယန်း   ဒီဇင်ဘာ   ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာရှိ ဘက်စုံသုံးကျေးရွာခန်းမဆောင်သစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခန့်က အဆိုပါခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ခန်းမဆောင်သစ်ကို ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးသက်နောင်ထွေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်း၊ မိုင်းလွေကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းကျေးရွာဖွံ့ဖြိုး‌ရေးအတွက် ရေတို/ရေရှည်ရည်မှန်းချက်များထားရှိဆောင်ရွက်ရန် ကျေးရွာလူထုညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင်မူကောင်းစွာဖြင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် ခန်းမဆောင်အား ရေရှည်အသုံးပြုနိုင်ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် အမှာစကားပြောကြားပြီး ကျေးရွာပြည်သူများကိုယ်စား ဦးစိုင်းဆမ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘက်စုံသုံးခန်းမဆောင်သစ်မှာ အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ ဖြစ်ပြီး မြစိမ်းရောင် အတိုးရငွေ ၆ ဒဿမ ၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၅ ဒဿမ ၁၉ သန်း စုစုပေါင်း ၁၁ ဒဿမ ၆၉ သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နမ့်မုတ်ကျေးရွာရှိ အိမ်ခြေ ၇၃ အိမ်နှင့်လူဦးရေ ၂၄၅ ဦးအတွက် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)