ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နောင်တောင်းပရဟိတကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ကျင်းပ

ဟိုပုံး    ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နောင်တောင်းပရဟိတကျောင်းတို့ ပူပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများကိုမြှင့်တင်စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ်စကားဝိုင်းမှ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်ယဉ်ကျေးမှုနှင့် လူငယ်နှင့်အားကစားခေါင်းစဉ်များနှင့် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ လူငယ်ဆိုတာ မိသားစုတစ်ခုရဲ့မျှော်လင့်ချက်၊ တိုင်းပြည်တစ်ခုရဲ့အနာဂတ်၊ ကမ္ဘာတစ်ခုလုံးကိုပြောင်းလဲနိုင်တဲ့ အလားအလာရှိတဲ့ အဖူးအငုံများဖြစ်ပါကြောင်း၊ အရည်အချင်းရှိတဲ့လူငယ်တွေဖြစ်လာဖို့ ပတ်ဝန်းကျင်ကောင်း၊ လေ့ကျင့်ပျိုးထောင်မှုကောင်းတွေလိုအပ်ပါကြောင်း၊ လူငယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ပေါ့ပါးသွက်လက်ပြီး ဖြစ်ချင်တဲ့အရာကို ပုံဖော်နိုင်နဲ့အရွယ်ဖြစ်ပါကြောင်း၊ လူငယ်ဆိုတာ ရိုးသားမှု၊ ကြိုးစားမှုရှိရမယ်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ရမယ်၊ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနေတဲ့ လူငယ်တွေဖြစ်ရမည်ဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ Grade-10 နှင့် Grade-11 ကျောင်းသူလေးဦးတို့က “လူငယ်နှင့်စာပေ”၊ “လူငယ်နှင့်ဆိုရှယ်မီဒီယာ”၊ “လူငယ်နှင့်ယဉ်ကျေးမှု’’ နှင့် “လူငယ်နှင့် အားကစား’’ ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးခေါ်များကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေဆွေးနွေးကြပြီး တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှည်  ဆွေးနွေးကြရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ အဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက ပြန်လည်ဖြည့်စွက်ဆွေး နွေးပေးခဲ့ကြောင်းသိရသည်။ ယင်းနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝက်များက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)