မိုးညှင်း ဒီဇင်ဘာ ၁၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က ၂၀၂၃ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဆင့် (၅)ဆင့်အနက် အဆင့်(၃)တွင် ပါရှိသည့် မြေပြင်ရှိ အိမ်ထောင်စုလူဦးရေနှင့် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ Database အတွင်း ထည့်သွင်းထားသော အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမည့် အခြေအနေများအား ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုးညှင်းခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ မြေပြင်စာရင်းကောက်ယူဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းစဉ်များအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ သိရှိလိုသည့် လုပ်ငန်းကဏ္ဍများကို အသီးသီးဆွေးနွေး တင်ပြကြရာ တာဝန်ရှိများက လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း