ကမာရွတ် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာ၌ ဒီဇင်ဘာအထူးစာအုပ်စျေးရောင်းပွဲတော်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့၊ နံနက် ၉ နာရီမှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင်စာအုပ်အရောင်းဆိုင်(၁၀)ဆိုင်မှ သုတ၊ ရသစာအုပ်မျိုးစုံကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် စာအုပ်ဈေးရောင်းပွဲတော်တွင် လာရောက်ဝယ်ယူသော မှော်ဘီမြို့နယ်မှ ဦးအာကာက “ ဒီစာအုပ်ဈေးရောင်းပွဲတော်ကို Online ကတွေ့လို့ လာခဲ့တာပါ၊ ကျွန်တော်ကြိုက်တဲ့ စာအုပ်တွေ အများကြီးတွေ့တယ် ဈေးနှုန်းလည်းသင့်တဲ့ အတွက် စာအုပ်မျိုးစုံ ဝယ်ခဲ့ပါကြောင်း” နှင့် ရွှေပြည်သာမြို့နယ်မှ အောင်ခြေကုန်း ကျောင်းထိုင် ဆရာတော်ဦးပဏ္ဍိတက” ဦးဇင်းကတော့ ဒီစာအုပ်ပွဲတော်ကို Online မှာတွေ့လို့ လာဝယ်တာဖြစ်တယ်၊ ဦးဇင်းကိုယ်တိုင်ကလည်း စာဖတ်ဝါသနာပါတယ်၊ ဒီမှာတော့ စာအုပ်တွေမျိုးစုံရှိတာပေါ့၊ ဒီစာအုပ်တွေကို ဝယ်ဖတ်ပြီးရင် စာကြည့်တိုက်တွေကို ပြန်လှူဖြစ်တယ်၊ အများဆုံးဝယ်ဖြစ်တဲ့စာအုပ်တွေကတော့ ဘာသာရေးစာအုပ်တွေအပြင် စာရေးဆရာဗန်းမော်သိန်းဖေ၊ စာရေးဆရာနိုင်းနိုင်း(စနေ)ရေးသားတဲ့ စာအုပ်တွေကို ဝယ်ခဲ့ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ ည ၇ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး