ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်နေပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက သဖန်းကျေးရွာအုပ်စု၊ သဖန်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ တွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် အကောင် အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်က တပ်မတော်မှ လက်ရှိဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ နယ်မြေလုံခြုံရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမြင့်ဌေးမှ ခိုး၊ ဆိုး၊ လု နှိုက်နှင့် နယ်မြေအေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက် တက်ရောက်လာကြသော ကျေးလက်နေပြည်သူများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အတွက် လျှပ်စစ်မီး၊ ကျေးရွာချင်းဆက်လမ်းများကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေရရှိရေး အစရှိသည်များကို တင်ပြဆွေးနွေးခဲ့ရာ ဆက်ဆိုင်ရာဌာနများမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလူထုတွေ့ဆုံပွဲသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝငများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျေးလက်နေပြည်သူများ (၁၂၀)ဦးတို့ တက်ရောက်ခဲ့ကာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆)လအထက် ရှိသူ(၆၀)ဦးအား ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 ဌေးလှိုင်(ဝမ်းတွင်း)