ရမည်းသင်း ဒီဇင်ဘာ ၁၄
လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့နယ်၊ ရွာတန်းသဲကျွန်းအုပ်စု သစ္စာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ရပ်ရွာအတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည့် အစီအမံများအား ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဇော်မင်းက လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြု(PR -System) စနစ်နှင့်ပတ်သက်၍ ပြည်သူများသိရှိနားလည် သဘောပေါက်စေရေး ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
၎င်းနောက် စစ်ကြောင်းကြီး (၅) ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် ဒေသဖွံဖြိုးရေး ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အသီးသီးရှင်းလင်းဆွေးနွေးကြရာ တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့်ပတ်သက်သည့်လိုအပ်ချက်များကို တင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့် ဝန်ထမ်းများက တက်ရောက်လာသည့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ထပ်ဆောင်း Booster ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးကုသပေးခြင်းကိုလည်းကောင်း၊ မြို့နယ်လဝက ဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်များမှပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ ပြင်ဆင်ခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ ရွာတန်းသဲကျွန်းအုပ်စု၊ ရွာတန်းလယ်သာအုပ်စု၊ အနောက်အုတ်ဖိုအုပ်စု၊ ကုလားမျောအုပ်စုတို့မှ ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)