မန္တလေးမြို့တွင် ပေါ်ဦး‌ပေါ်ဖျား ဗမာဆီးသီးများ ရောင်းအားကောင်း

မဟာအောင်မြေ ဒီဇင်ဘာ ၁၄

မန္တလေးမြို့တွင် မတ္တရာ၊ ထုံးဘို၊‌ ကျောက်ဆည်မြို့နယ်တို့မှ တိုက်ရိုက်ကားများဖြင့် ဝယ်ယူရောင်းချရန်လွယ်ကူသည့် ရာသီပေါ်စားသုံးကုန် ဗမာဆီးသီးများကို အမြို့မြို့အနယ်နယ်ရှိ ဈေးဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဗမာဆီးသီးမှာပေါ်ဦးပေါ်ဖျားဆိုသော်လည်း ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်သည့် အသီးတစ်မျိုးဖြစ်သည့်အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း သစ်သီးစုံရောင်းချသူ ဈေးသည်တစ်ဦးက ပြောသည်။

"ကျွန်မတို့အ‌နေနဲ့ ရာသီပေါ်သစ်သီးများရောင်းလာတာနှစ်အ‌တော်ကြာပါပြီ။ ကျွန်မတို့က ကုန်စိမ်းပဲရောင်းတာပါ။ ကုန်စိမ်းဆိုတော့အခြား ဈေးသည်တွေလို ရက်အကြာကြီး အထားမခံဘူးလေ။ ကျွန်မတို့က ရာသီပေါ် စားသုံးကုန်တွေကို အဓိကထားရောင်းတယ်။ အခုဆို ဆိုင်မှာ သရက်သီးစိမ်း၊ ဂွေးသီး၊ ဆီးဖြူသီး၊ ထောပတ်သီး စတဲ့ အသီးတွေရောင်းတယ်။ အဲဒီလို အသီးစုံရောင်းတော့ အချဉ်ပေါင်းသည်တွေဆို တစ်ဆိုင်ထဲဝယ်ရုံနဲ့ အဆင်ပြေတယ်။ အခုဆိုရင် ဗမာဇီးသီးတွေ ပေါ်ပြီလေ။ ဈေးလည်မကြီးဘူး၊ တစ်ချို့က လက်ဆောင်ပေးဖို့တောင် ဝယ်ကြတယ်။ လက်ဆောင်ပေးဖို့ဝယ်ရင်တော့ သီးသန့်အဝေးနယ်မြို့တွေဆီအရောက် မနွမ်းအောင် သေချာထုတ်ပိုးပေးရတယ်” ဟု ရာသီပေါ်သစ်သီးစုံရောင်းသူ မဖြူဖြူသွယ်က ပြောသည်။

ဗမာဇီးသီး(၁)ပြည်လျှင် (၁၂၀၀) ကျပ် ရောင်းချရပြီး (၅)ပြည်အထက်ဝယ်လျှင် တစ်ပြည် (၁၀၀၀) ကျပ်နှင့် ရောင်းချပေးကြောင်း၊ အခြားသစ်သီးများကိုလည်း အများဈေးဝယ်ယူပါက လျှော့ဈေးတစ်မျိုးထားကာ ရောင်းချကြောင်း၊ သစ်သီးစုံရောင်းရသည့်အမြတ်ငွေ ၁၈၀၀၀ ခန့် ကျန်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ရာသီပေါ်အသီးအနှံများ လှိုင်လှိုင်ပေါများသည့် ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် သစ်သီးရောင်းချသူများအနေဖြင့် လတ်ဆတ်သည့်သစ်သီးများ ရရှိရေး ချိတ်ဆက်ဝယ်ယူကာ သင့်တင့်သည့်ဈေးနှုန်းများဖြင့် လက်လီ/လက်ကား ပြန်လည်ရောင်းချပေးလျက်ရှိကြောင်း သစ်သီးရောင်းသူများထံမှ သိရသည်။

အောင်ဇော်မင်း