တောင်သာ ဒီဇင်ဘာ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၈)နာရီက စာပေမြတ်နိုးသူများအဖွဲ့ (Book Club) နှင့်စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များသည် စာရေးဆရာ ဒေါက်တာကျော်စိန်၏ “ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀” စာအုပ်မှ အခန်း(၇၀) ဖြစ်သည့် “ပြုံးပါ” ခေါင်းစဉ်အား ဆွေးနွေးရာကြရာတွင် အချိန်မကုန်ငွေမကုန်ဘဲ အခြားသူတို့ကို ပျော်ရွှင်အောင်လုပ်နိုင်သည့် ပဉ္စလက်အတတ်ပညာမှာ ပြုံးခြင်းပင်ဖြစ်ပါကြောင်း၊ ဆန်ဖရန်စစ္စကိုပြည်နယ် ကာလီဖိုးနီးယားတက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ပြုံးခြင်း(၁၉)မျိုးရှိသည်ဟု စာရင်းပြုစုဖော်ပြချက်အရ သိရှိရပါကြောင်း၊ ဝမ်းနည်းညှိုးငယ်နေသော မျက်နှာတို့သည် သူ့ပတ်ဝန်းကျင်တွင် ဝမ်းနည်းညှိုးငယ်သောမျက်နှာများကိုသာ ဖြစ်စေပြီး တက်ကြွပြုံးရွှင်နေသော မျက်နှာတို့ကမူ သူတို့၏ ပတ်ဝန်းကျင်တွင် တက်ကြွပြုံးရွှင်နေသော မျက်နှာနှင့် ပျော်ရွှင်မှုတို့ကိုသာ ဖော်ထုတ်ပေးသည့်အတွက် လူသားတို့ပျော်ရွှင်ကြည်နူးကြဖို့အတွက် လူတိုင်းအပြုံးဖြင့် ဘဝကိုဖြတ်သန်းကြဖို့လိုကြောင်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် တက်ရောက်လာသူများက အကြောင်းအရာများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်းဖြင့် ဗဟုသုတများကို မျှဝေခဲ့ကြကြောင်း၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ မျှဝေနိုင်စေရန်၊ စာဖတ်ခြင်းအလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို မကြာခဏ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)