အ-ထ-က(စဉ့်ကိုင်)၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ  ၁၃

လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)၊ သဇင်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးစန်းလွင်ကအဖွင့်အမှာ စကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားစေရေး ပါ၀င်ဆွေးနွေးတတ်စေရန်နှင့် နိုင်ငံ့ခေါင်းဆောင် လူငယ်လူရွယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပရခြင်းဖြစ်ကြောင်း စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက လူငယ်စကားဝိုင်းကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်၀င်း၀င်းသန်းက ဦးဆောင်၍လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် Grade-9(E) မှ မသံသာဆွေဇင်က လူငယ်နှင့်အချိန်၊ Grade -10(A) မှ မောင်၀င်းထက်က လူငယ်နှင့်အားကစား၊ Grade-9(A)မှ မချစ်သဲပိုပိုက လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-10(A) မှ မောင်ကျော်ဇင်မင်းထက်က လူငယ်နှင့်စာပေ၊ Grade-9(B)မှ မပန်းမှူးခင်က လူငယ်နှင့်ပညာရေး၊ Grade-10(A) မှ မသက်ဆုဝေက လူငယ်နှင့်ယနေ့ခေတ်နည်းပညာ အစရှိသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါ၀င်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူများက ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်၀န်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၁၀) ခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)