တောင်ဥက္ကလာပမြို့နယ်၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေသစ်နှင့် ပတ်သတ်သည်များ အသိပေးရှင်လင်းပွဲပြုလုပ်

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေသစ်နှင့် ပတ်သတ်သည်များ အသိပေးရှင်လင်းပွဲကို ယနေ့ နံနက် (၁၀) နာရီချိန်က ဥက္ကလာပစေတီ ၊မဟာမုနိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပေးရှင်းလင်းပွဲတွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့် အမှာစကားပြောကြားပြီးနောက် တောင်ဥက္ကလာပမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးမှ  အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေသစ်နှင့် ပတ်သတ်သည်များကို အတိုချုံးရှင်းလင်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍  အခမ်းအနားသို့ တက်ရောက်လာကြသော အသင်းအဖွဲ့များအား တောင်ဥက္ကလာပမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူး စိုးညွှန့်ဦးနှင့် မြို့နယ်ဥပ‌ဒေရုံး၊ ဥပဒေအရာရှိ ဒေါ်ငြိမ်းပွင့်ပွင့်သူတို့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁၁/၂၀၂၂) ဆုံးဖြတ်ချက်နှင့်အညီမြို့နယ်၊ ခရိုင်အလိုက် မှတ်ပုံတင်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း၊ အသင်းအဖွဲ့များအနေဖြင့် သတိပြုရမည့်ပုဒ်မများ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့်  ‌အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များ ဆိုင်းငံ့ထားရှိမှု၊ သိရှိထားသင့်သော ပြဌာန်းချက်များ အစရှိသည့် ၂၀၂၂ ခုနှစ်၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်နှင့်ပတ်သတ်သည်များကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။    

ထို့နောက် ရှင်းလင်းပွဲသို့ တက်ရောက်လာကြသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးစိုးညွှန့်ဦးမှ ပြန်လည်ရှင်းလင်း ‌ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲသို့ သင်္ဃန်းကျွန်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ တောင်ဥက္ကလာပမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်းမြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရဲမှူးစိုးညွှန့်ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးညွန့်ဦး၊ မြို့နယ်ဥပ‌ဒေရုံး၊ ဥပဒေအရာရှိ ဒေါ်ငြိမ်းပွင့်ပွင့်သူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်း၊ လူမှုကူညီရေး၊ ပရဟိတအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖအင်အား (၁၂၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)