ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

ဒဂုံမြို့သစ် (အရှေ့ပိုင်း) စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက် ၃၂ ရပ်ကွက်အတွင်း နေ့စဥ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ် နိုင်ရေးအတွက် မိမိတို့နေအိမ် အတွင်း ၌သာ (Stay at Home) နေထိုင်ကြရန်  မလိုအပ်ဘဲအပြင်သို့ လုံးဝ မထွက်ကြရန်နှင့် မဖြစ်မနေထွက် ရပါကလည်း နှာခေါင်း စည်းများ တပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ခွာကြရန်၊ ကိုယ်အပူချိန်တက်ခြင်း၊ ဖျားနာခြင်း၊ ရက်ရှည်ချောင်း ဆိုးခြင်း၊ အသက်ရှုမွန်းကြပ်ခြင်း စသည့် လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးစစ်မှုခံယူကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကျော်၊ မြို့နယ်ကျော် ခရီးသွားများ ရောက်ရှိလာပါက အနီးစပ်ဆုံး အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေး ဌာနသို့ သတင်းပေးပို့ကြရန်နှင့် ထွက်ခွာလာသည့် အရပ်ဒေသအား မမှန်မကန် ပြောဆိုပါက  တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ် ရေးဆိုင်ရာ ထုတ်ပြန်ချက် များကိုလည်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့ စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)