လင်းခေး ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လွန်ခဲ့သောမိုးရာသီကာလက တောင်ကျချောင်းရေ မြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စုရှိ (ပုန်းထွန် ဟွေဟေး ဝမ်မိုင်) ကျေးရွာချင်းဆက်ချောင်းကူးတံတား ပြန်လည်တည်ဆောက်ရေး လုပ်ငန်းအတွက် လှူဒါန်းငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီက အဆိုပါတံတား တည်ရှိရာနေရာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါတံတား ရေရှည်တည်တံ့ခိုင်မြဲရန် တည်ဆောက်ရေးအတွက် ပါဝင်လှူဒါန်းငွေ ကျပ် (၃၄,၄၀၀၀ဝိ/-) ကျပ်သုံးဆယ့်လေးသိန်းလေးသောင်းတိတိအား လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်းက ပေးအပ်ရာ တံတားတည်ဆောက်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပါသည်။
၄င်းကျေးရွာချင်းဆက် ချောင်းကူးတံတားသည် လွန်ခဲ့သော (၉-၈-၂၀၂၂) ရက်နေ့က နမ့်တိန်းချောင်းသို့ တောင်ကျချောင်းရေများ စီးဝင်မြင့်တက်လာခဲ့မှုကြောင့် တံတား ရေဘေးသင့် ပျက်စီးခဲ့ရပြီး လတ်တလော၌ ကျေးရွာသူ၊ ကျေးရွာသားများ၏ စုပေါင်းအားဖြင့် (ကိုယ်ထူကိုယ်ထ) ယာယီဝါးတံတား တည်ဆောက်ထားခြင်းဖြစ်သည်။ တံတားအရှည်ပေ (၃၈၀) ပေ၊ အနံပေ (၆) ပေရှိပြီး၊ ကျေးရွာပြည်သူလူထု (၁၉၅၀) ဦးအား အကျိုးပြုလျက် ရှိသောတံတားတစ်စင်း ဖြစ်သည်။
ပြန်လည်မွမ်းမံတည်ဆောက်မည့် တံတားသစ်အတွက် လုပ်အားခကုန်ကျစရိတ်အား ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်းကျခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျေးရွာအုပ်စုတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
လှူဒါန်းပေးအပ်ရာသို့ လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ခရိုင်ဘေးစီမံဦးစီးဌာနမှူး ဦးနေဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးသန်းမြင့်၊ ပုန်းထွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းခေးနှင့် ကျေးရွာရပ်မိရပ်ဖများနှင့် အဖွဲ့ဝင်များ (၃၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)