ရွာငံမြို့၊ မြိုင်(အ.ထ.က)ကျောင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရွာငံ ဒီဇင်ဘာ ၁၃

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြိုင်ကျေးရွာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦးမှ လူကုန်ကူးမှုနှင့်ပက်သက်သည့်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားပါသည်။ ထို့နောက်မြို့နယ်ဥပဒေအရာရှိ ဦးအောင်ဇော်ရှိန်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးသန့်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းကို အသိပညာဟောပြောပေးခဲ့ပြီးနောက် ဟောပြောပွဲတွင်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)