ချောင်းဆုံ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက်က ချောင်းဆုံမြို့နယ်ရှိ အမက(ခရိုက်သစ်) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နယ်လှည့်စာကြည့်တိုက် သွားရောက်ဖွင့်လှစ်ရာတွင် ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (ဒုတိယဦးစီးမှူး)ဒေါ်ဝင်းဝင်းချောက ကျောင်းသူ/ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ဟောပြောဆွေးနွေးပြီး (ပြန်/ဆက်)ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုစေကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ပေးခဲ့ပြီးစာရေးကိရိယာများကို လက်ဆောင်အဖြင့် ပြန်လည်ပေးအပ်ခဲ့ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာစောင်များနှင့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)