ဗဟန်းမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းကိုယနေ့နံနက် ၁၀ နာရီတွင် ဇီဝိတဒါန သံဃာ့ဆေးရုံး၌ လှူဒါန်းကြသည်။

ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က သွေးလှူဒါန်းပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ဂုဏ်ပြုပြောကြားပြီး ဇီဝိတသံဃာ့ဆေးရုံအတွက် တစ်နေ့တာဆွမ်းလှူဒါန်းရာ အလှူရှင်များဖြစ်ကြ‌သော ဦးတင်မောင်+ဒေါ်ပါးပါးတို့အား အမှူးထား၍ စန္ဒီပရဆေးမိသားစု၊ ဦးထွန်းရွှေ+ဒေါ်သင်းသင်းဆွေ (ထွန်းရွှေဝါ) တိုင်းရင်းဆေးမိသားစု၊ သမားတော်ဦးဘိုကြီး+ဒေါ်သန်းသန်း (ရွှေပဒေသာပြည်လုံးချမ်းသာ) ဆေးတိုက်မိသားစုတို့မှ အလှူ‌ငွေများပေးအပ်လှူဒါန်းကြရာ ဇီဝိတဒါနသံဃာ့ဆေးရုံဥက္ကဋ္ဌ ဦးအေးမောင်သန်းက လက်ခံရယူသည်။

ဆက်လက်၍ အမျိုးသားသွေးလှူဘဏ်မှ ဒေါက်တာသက်နိုင်ဝင်းက သွေးလှူဒါန်းရခြင်းပတ်သက်၍ ကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ထိုသို့ သွေးလှူဒါန်းရာတွင်ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းခွဲနှင့် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ အမျိုးသား (၃၈)ဦးနှင့် အမျိုးသမီး(၁၄)ဦး လှူဒါန်းကြသည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးခိုင်၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးခင်မောင်သန်း၊ အတွင်းရေးမှူးရဲမှူးတင့်လွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး သွေးအိတ်အရေအတွက် စုစုပေါင်း၅၂အိတ်ကို လှူဒါန်းရာ အမျိုးသားသွေးလှူဘဏ်မှ ဒေါက်တာသက်နိုင်ဝင်းက လက်ခံရယူပြီး တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

အဆိုပါသွေးလှူရှင်များကို အလှူရှင်များက အားဖြည့်အချိုရည်များ၊ ထောပတ်ထမင်းများ၊ အားဆေးများ၊ ကြက်ဥနှင့် ရေသန့်ဘူးများပေးအပ် လှူဒါန်းကြကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)