မက်မန်း ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံကလေးငယ်များအနေဖြင့် ပုံပြစာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ပုံပြစာအုပ်များမှ ပန်းချီများကိုလေ့လာတတ်စေရန်၊ ရုပ်ပြ(ပုံပြ)စာအုပ်များမတိမ်ကောစေရန်နှင့် ရုပ်ပြစာအုပ်များဖတ်ခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၊ ကလေးစာဖတ်ခန်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက် ထောက်ညွှန်ကြားရေးမှူး)က ယနေ့ နည်းပညာတိုးတက်သည့်ခေတ်တွင် စာဖတ်သည့် အလေ့အထများ အားနည်းလာပါကြောင်း၊ အထူးသဖြင့် ကလေးများအနေဖြင့် ရုပ်ပြစာအုပ်များ ဖတ်ရှုမှုအားနည်းလာသည်ကို တွေ့ရှိရပါကြောင်း၊ ရုပ်ပြစာအုပ်များဖတ်ခြင်းဖြင့် ရုပ်ပုံများကို မြင်တွေ့နိုင်သလို ရုပ်ပြများတွင်ရေးဆွဲထားသည့် ပန်းချီများကိုလည်းလေ့လာနိုင်ပါကြောင်း၊ ရုပ်ပြစာအုပ်များကိုဖတ်ရှု့ခြင်းဖြင့် စကားပြောစွမ်းရည်၊ စာဖတ်စွမ်းရည်များလည်း မြှင့်တက် လာပါသဖြင့် ရုပ်ပြစာအုပ်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားသို့တက်ရောက်လာသော ဒေသခံကလေးများမှာ မိမိတို့စိတ်ကြိုက် ရုပ်ပြစာအုပ်များကို ဖတ်ရှု့ကြသည်။ “တက်ရောက်လာသော ကလေးများ အနေဖြင့် ရုပ်ပြစာအုပ်များကိုဖတ်ရှု့ရာတွင် အခြားသော စာအုပ်စာပေများထက် စိတ်ပါဝင်စားမှု ရှိကြောင်း၊ ရုပ်ပြစာအုပ်များမှတစ်ဆင့် ပန်းချီများကိုလည်း လေ့လာနိုင်ကြောင်း” ရုပ်ပြစာအုပ် ဖတ်ရှုသူ မနာရှီးလာက ပြောကြားခဲ့သည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)