မက်မန်းမြို့နယ်၌ ဒေသဝက် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မက်မန်း ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသဝက် တစ်နိုင်တစ်ပိုင်မွေးမြူခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

“မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် ဒေသဝက်များကို တစ်အိမ်ထောင်လျှင် (၁)ကောင်မှ(၁၅)ကောင်ထိ မွေးမြူထားလျက်ရှိ ကြောင်း၊ ဒေသဝက်(၁)ကောင်မွေးမြူရာတွင် သားခွဲ(သားပေါက်) တစ်ကောင်းလျှင် ငွေကျပ် တစ်သိန်း နှစ်သောင်းမှ တစ်သိန်းငါးသောင်းထိ ဝယ်ယူမွေးမြူရကြောင်း၊ အစားကျွေးမွေးရာတွင် ဒေသထွက် ငှက်ပျောပင်များ၊ သီးနှံစိုက်ခင်းများမှ အလေအလွှင့်သီးနှံများ၊ ဖွဲနုများ၊ ဒေသထွက်တောင်ယာဆန်းများကို ကျွေးမွေးခြင်းများဖြင့် ဒေသဝက်အား မွေးမြူနိုင်ကြောင်း၊ ဈေးကွက်ရောင်းတန်းဝင် ဒေသဝက် တစ်ကောင်းကို အနည်းဆုံး တစ်နှစ်မွေးမြူရကြောင်း၊ ရောင်းချမှု ဈေးကွက်အနေဖြင့် မိုင်းပျဉ်းမြို့၊ ပန်ဆန်းမြို့နှင့် ကျိုင်းတုံမြို့များသို့ သွားရောက် ရောင်းချခြင်းဖြစ်ကြောင်း၊ ‌ဈေးကွက်ဝင် ဒေသဝက် (၁)ကောင်လျှင် ငွေကျပ် (၆)သိန်းမှ (၇)သိန်းအထိ ရောင်းချရကြောင်း၊ ဒေသဝက်မွေးမြူသူများအနေဖြင့် နှစ်စဉ်မိသားစု ဝင်ငွေ ကျပ်(၂၀)သိန်းခန့် အပိုဝင်ငွေတိုးသည့် လုပ်ငန်းဖြစ်သဖြင့် အိမ်တိုင်းတွင် ဒေသဝက်များ မွေးမြူသင့်ပါကြောင်း” မက်မန်းမြို့ ဒေသဝက်မွေးမြူသူ ဦးအောင်ကိုဝင်းက ပြောကြားခဲ့သည်။

မက်မန်းမြို့နယ်တွင် ဒေသခံသူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိရေးအတွက် ဒေသဝက်များ မွေးမြူခြင်းအပြင် ကျွဲ၊ နွား၊ ဆိတ်၊ ကြက်နှင့် နွားနောက်များကိုလည်း တစ်နိုင်တစ်ပိုင်မွေးမြူလျက်ရှိကြောင်း သိရသည်။

စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)