နမ္မတူ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။
ရှေ့ဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအကျဉ်း၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များအကြောင်း၊ တိုင်းရင်းသား အားလုံး ညီညွတ်ရေးနှင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး စသည့်အကြောင်းအရာများအား ကျောင်းသားကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)