သီပေါ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre) ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ်(၁)အခြေခံပညာ အလယ်တန်း ကျောင်းခွဲမှမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပုံတူပန်းချီဆွဲ ပြိုင်ပွဲ၊ ဘောလုံးဂိုးသွင်းပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲများကို အသီးသီးပါဝင် ယှဉ်ပြိုင် ခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးတို့က ဆုနှင့်အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ် ခဲ့ကြကြောင်း၊ ပြိုင်ပွဲများကို အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးတို့က ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)