မိုင်းယု ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို မြို့မရပ်ကွက်ရှိ အားကစားကွင်းတွင် ဒီဇင်ဘာ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်၌ ဖွင့်ပွဲအခမ်းအနားနှင့်အတူ ဘောလုံးပြိုင်ပွဲစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှာ အမှတ် ၁၀၀၈ နယ်ခြားအသင်း၊ ပညာရေးအသင်း၊ လမ်းဦးစီးအသင်း၊ မြို့မအသင်း၊ ဟိုခိုအသင်း၊ တာကြန့်အသင်း၊ နမ့်နော်အသင်းနှင့် ဒွန်းနွဲ့အသင်း၊ စုစုပေါင်းအသင်း ရှစ်သင်းပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပွဲစဉ်များဖြစ်သည် ဒီဇင်ဘာ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့ထိ တစ်ရက်လျင် ပွဲစဉ်တစ်ပွဲမှနှစ်ပွဲသို့ လည်းကောင်း၊ ဒီဇင်ဘာ ၂၉နှင့် ၃၀ ရက်နေ့တွင် အကြိုဗိုလ်ပွဲဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် တတိယနေရာလုပွဲနှင့် ဇန်နဝါရီလ ၄ ရက်နေ့၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ဗိုလ်လုပွဲနှင့်အတူ ပြိုင်ပွဲဝင်ဆုရအသင်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ ပြိုင်ပွဲကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင် (ပြန်/ ဆက်)