ချောင်းဆုံ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့်ပေါင်မြို့နယ်အကြားရှိ သံလွင်မြစ်(ဒရယ်ပေါက်)ရေကြောင်း လမ်းတိုးတက်ကောင်းမွန်စေရေးနှင့် သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်သတ်မှတ်ခြင်းအတွက် သက်ဆိုင်ရာဌာနများနှင့် ပထမအကြိမ်တွေ့ဆုံပွဲကို ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် ယနေ့နံနက် ၉ နာရီကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါသောင်တူးဖော်ခြင်းလုပ်ငန်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ခင်သံလွင်ကုမ္ပဏီမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး တွေ့ဆုံပွဲအခမ်းအနားတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ခင်သံလွင်ကုမ္ပဏီမှဆောင်ရွက်မည့် သံလွင်မြစ်ရေကြောင်းလမ်းတိုးတက်ကောင်းမွန်စေရေးနှင့် သောင်တူးဖော်ရှင်းလင်းခြင်း လုပ်ငန်းစီမံကိန်းအကြောင်းအရာများကို အင်ဂျင်နီယာဦးတင်ဝင်းက ရှင်းလင်းကာ CRE Co.,မှ ဒါရိုက်တာဒေါ်ခင်ဥမ္မာထွေးက စီမံကိန်းနှင့်ပတ်သက်သည့် နယ်ပယ်သတ်မှတ်ချက်နှင့် မြစ်ကမ်းအနီးရှိကျေးရွာများတွင် စစ်တမ်းကောက်ယူမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့် ကလွီကျေးရွာ၊ ဒရယ်ကျေးရွာ၊ ကော့မုပွန်ကျေးရွာ၊ တောင်စွန်းကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့နိုင်မည့်အခက်အခဲများကို တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)