တောင်ကြီး ဒီဇင်ဘာ ၁၃
နိုင်ငံတော်အနေဖြင့် ခရီးသွားလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိရာ ခရီးသွားအရင်းအမြစ်များ ပေါကြွယ်ဝသည့် ရှမ်းပြည်နယ်ကို ခရီးသွားများ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးနှင့် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရန် ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၂)အစည်းအဝေးကို ဒီဇင်ဘာ(၁၂)ရက် မွန်းတည့်(၁၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ခရီးသွားလုပ်ငန်း ဥပဒေ ၂၀၁၈ အရ ခရီးသွားလုပ်ငန်းကော်မတီများကို ဗဟိုအဆင့်၊ အမျိုးသားအဆင့်၊ဒေသအဆင့်ဆိုပြီး အဆင့်လိုက်ဖွဲ့စည်းထားရာ ဒီဇင်ဘာ(၆)ရက်နေ့က ဗဟိုအဆင့် အစည်းအအဝေးကို ကျင်းပခဲ့ကြောင်း၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီကို ပြီးခဲ့သည့် (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ခုနှစ် သြဂုတ်လ၂၉ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး (၅/၂၀၂၂) အစည်းအဝေးကို ဒီဇင်ဘာလ(၁၂)ရက် နေ့တွင် ကျင်းပပြီး ၂၀၂၂ခုနှစ်အတွက် အပြီးသတ်ကျင်းပသည့် အစည်းအဝေးဖြစ်ပါကြောင်း ၊ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် အမှုတွဲကိစ္စရပ်များကို ပြည့်ပြည့်စုံစုံ တင်ပြပြီး ဆုံးဖြတ်ချက်များကို ကော်မတီဝင်များ၏ သဘောတူညီချက်နှင့် ချမှတ်ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ကော်မတီဝင်များအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးထင်အောင်နိုင်က ယခင်(၄/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များမှဆောင်ရွက်ပြီးစီးမှုနှင့် ယခု(၅/၂၀၂၂)အစည်းအဝေးတွင် ဆွေးနွေးမည့် ကိစ္စရပ်များနှင့် မှတ်တမ်းတင်ရန် ကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများမှ အထွေထွေ ဆွေးနွေးကာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)