ရှမ်းပြည်နယ်အစိုးရအဖွဲ့က လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း သံဃာတော်များ ဆေးကုသဆောင် ဆောက်လုပ်ရေးအတွက် ပါဝင်လှူဒါန်းငွေကျပ်သိန်း တစ်ရာအားခရိုင်နှင့် မြို့နယ်တာဝန်ရှိသူတို့မှ သွားရောက်လှူဒါန်းပေးအပ်

လင်းခေး ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့က လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနဝန်းအတွင်းရှိ သံဃာတော်များ ဆေးကုသဆောင်တည်ဆောက်ရေးအတွက် ထည့်ဝင်လှူဒါန်းငွေကျပ် (၁၀၀) သိန်းအား လင်းခေးခရိုင်နှင့်မြို့နယ်တာဝန်ရှိသူတို့မှ ထပ်ဆင့်သွားရောက် လှူဒါန်းပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက မြို့နယ်မူလမင်းကွန်းဇေတဝန်သာသနာ့မရ်အောင်ကမ္မဌာန်းကျောင်းတိုက်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထည့်ဝင်လှူဒါန်းငွေအား လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ပေးအပ်ကြရာ လင်းခေးမြို့နယ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းသန်းကျော်က လက်ခံရယူပေးခဲ့သည်။ ဆက်လက်ပြီးမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ကမ္မဌာန်းကျောင်းတိုက်‌ ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရကဩဝါဒမြွက်ကြားပေးခြင်း၊ လှူ‌‌ဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ တက်ရောက်လာကြသူအပေါင်းက ရတနာသုံးပါးပြန်လည်ကန်တော့ခဲ့ကြပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ပါသည်။

လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သံဃာတော်များဆေးကုသဆောင်သည် (၆၀×၄၀)’ပေ RC တစ်ထပ်ဆောင်ဖြစ်ပြီး၊ မြို့နယ်အတွင်းရှိ ပြည်သူများနှင့်ရပ်နီးရပ်ဝေးမှ စေတနာအလှူရှင်ပြည်သူများ ပါဝင်လှူဒါန်းငွေကျပ်သိန်းသုံးရာကျော် လက်ခံရရှိထားပြီးဖြစ်ကြောင်း မြို့နယ်ဂေါပကအဖွဲ့မှ သိရသည်။

စိုင်းဇော်လတ် (ပြန်/ ဆက်)