မိုးနဲ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် ပြည်သူများလက်ရှိ ဖြစ်ပေါ်နေသော အခြေအနေအမှန်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်သူများသိရှိစေရန်အတွက် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို နောင်ကျော့ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က မိမိတို့ရပ်ရွာဒေသ၊ နယ်မြေဒေသလုံခြုံရေး ၊အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင်က မူးယစ်ဆေးဝါးကင်းစင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန စသည့်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးချပြ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝိုးတောင်း (ပြန်/ ဆက်)