စဉ့်ကူးမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပ

စဉ့်ကူး    ဒီဇင်ဘာ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့ အမှတ် (၂) ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတို့အား အမှာစကားပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေ မှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေး ဆိုင်ရာကိစ္စများကို ဆွေးနွေးခြင်း၊ အတွင်းရေးမှူး ရဲမှူးဇော်နီချစ်မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများ လိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် ကော်မရှင် ဦးစီးအရာရှိ ဒေါ်မြတ်စုမွန်က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းခြင်း နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေ သည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား မြို့ပေါ် ရပ်ကွက်နေ ပြည်သူ (၃) ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း (၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)