သုံးခွ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ဖြင့် တိုင်းရင်းသားအားလုံးတို့၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး ဗြိတိသျှတို့၏ သွေးခွဲအုပ်ချုပ်ရေးအကြံအစည်မှာ ပျက်ပြားသွားခဲ့ပါကြောင်း၊ ၁၉၄၇ စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးက ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည့်အပြင် ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်အား ယာယီသမ္မတအဖြစ်ခန့်အပ်ခဲ့ပါကြောင်း၊ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် နု-အက်တလီစာချုပ်ခေါ် မြန်မာ့လွတ်လပ်ရေးစာချုပ်ကို ဗြိတိသျှ၀န်ကြီးချုပ် အက်တလီနှင့်မြန်မာ၀န်ကြီးချုပ် ဦးနုတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ထိုစာချုပ်တွင် ဗြိတိသျှအစိုးရက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအား လုံး၀လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်းဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်၊ ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်ဇဝါရီလ ၄ ရက်နေ့ကို လွတ်လပ်ရေးနေ့ဖြင့် သတ်မှတ်ခဲ့ပါကြောင်း စသည့်လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာ ပုံသမိုင်းကြောင်းကို အကျယ်တစ်ဝံ့ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ထို့နောက် လောကမာရဇိန် ဘုန်းတော်ကြသင်ပညာရေးကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးမြရွှေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူလေးများ စိတ်ပျော်ရွှင်ချမ်းမြေ့စေရန် အားကစားပြိုင်ပွဲများပြုလုပ်ပေးခဲ့ရာ ကျောင်းသား/သူလေးများက အာလူးကောက်ပြိုင်ပွဲ၊ အိပ်စွပ်၊ ကြိုးခုန်ပြိုင်ပွဲ၊ Basket Ball ပြိုင်ပွဲနှင့်မှတ်ဉာဏ်စွမ်း ရည်ပြိုင်ပွဲများကို ပျော်ရွှင်စွာပါ၀င်ဆင်နွှဲခဲ့ကြပြီး အဆိုပါပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သူ ကျောင်းသား/သူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ်ရုံးမှပြသထားသော ဗဟုသုတရဖွယ် သုတ၊ ရသ၊ စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ စာစီစာကုံးစာအုပ်များကို ကျောင်းသား/သူများက စိတ်၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်