ခရမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ခရမ်း   ဒီဇင်ဘာ   ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက တရားဥပဒေစိုးမိုးရေးနှင့်ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ပူးပေါင်းသည့် စစ်ကြောင်းမှ ခရမ်းမြို့နယ်၊ မောင်းမကျေးရွာ၊ ဘုရားကျောင်းဓမ္မာရုံတွင် ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲနှင့်အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဇင်သန့်၊ မြို့နယ်လဝကဦးစီးမှူးဦးမောင်မောင်သန့်၊  ခရမ်းမြို့နယ်ရဲတပ်ဖွဲ့ဒုရဲမှုးဝင်းလွင်၊ ခရမ်းမြို့နယ်စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်တို့ပါဝင်သည့်အဖွဲ့မှ ကွင်းဆင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တွေ့ဆုံဆွေးနွေး၍ ပြည်သူ့လိုလားချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ၎င်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဇင်သန့်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား ၎င်းပြည်သူ့စစ်နှင့် ရပ်/ကျေးပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများကို၎င်း ခရမ်းမြို့မရဲစခမ်းမှူးဒုရဲမှူးဝင်းလွင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူပူးပေါင်းပါဝင်သည့် ရပ်ရွာလုံခြုံဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန့်က လူဦးရေစာရင်းမှန်ကန်ရေး ပြည်သူအားလုံးနိုင်ငံသားစိစစ်ရေးကတ်နှင့် မိသားစုသန်းခေါင်စာရင်း ၆၆/၆  ရရှိရေးဆောင်ရွက်ပေးမည့် အခြေအနေများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဌေးမောင်က ဆောင်းသီးစိုက်ပျိုးရာတွင် ဆီထွက်သီးနှံများအား ထည့်သွင်းစိုက်ပျိုးရေးနှင့် မြေဩဇာများဖြန့်ဝေပေးအပ်မှု့များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံပြည်သူ(၂)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )