နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၂

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများစီစဉ် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အခြားတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများနှင့် ရိုးရာအစားအစာပြခန်းများ ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသနိုင်ရေး၊ အချိန်မီပြီးစီးရေး၊ ပြခန်းများ၊ ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး၊ အထိမ်းအမှတ်ပြခန်းများ၊ ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ (၅)ရက်တာ ခင်းကျင်းပြသရာတွင် အများပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ လုံခြုံအေးချမ်းစွာ၊ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ရေး၊ လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက်ရေးတို့ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့အစည်းအဝေးမှာ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်၊ အထိမ်းအမှတ်ပြခန်း (၄၀)ခန်းနှင့် ရိုးရာအစားအစာပြခန်း (၁၅)ခန်းကို ဗဟိုကော်မတီ၏ အတည်ပြုချက်နှင့်အညီ ပြခန်းများကို ဆောက်လုပ်ရေးဆပ်ကော်မတီက တည်ဆောက်ပြီးဖြစ်၍ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအနေဖြင့် ပြခန်းများ အချိန်မီပြီးစီးရေး စတင်ခင်းကျင်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တပေါင်းပွဲတော်ကွင်းအတွင်း လူနှင့်ယာဉ်ကြောပိတ်ဆို့ပြီး ကြန့်ကြာမှုမရှိစေရေး အထူးဂရုပြုစီစဉ် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ယခုပြပွဲကို အနယ်နယ် အရပ်ရပ်ရှိ အများပြည်သူမှ လာရောက်ကြည့်ရှုလိုပါက လာရောက်ကြည့်ရှုစေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များအနေဖြင့် ထပ်ဆင့်အသိပေး အကြောင်းကြားစေလိုပါကြောင်း၊ အများပြည်သူ လုံခြုံရေးနှင့်ဝင်/ထွက်ခွင့် လွယ်ကူမြန်ဆန်ရေးကို မျှတအောင်စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊  (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများ ခမ်းနားထည်ဝါစွာ ခင်းကျင်းပြသနိုင်ရေး၊ အောင်မြင်စွာကျင်းပနိုင်ရေးကို လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီများအနေဖြင့်  ကျရာအခန်းကဏ္ဍမှ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဖွင့်ပွဲအခမ်းအနား ကျင်းပရေးဆပ်ကော်မတီ၊ ပြခန်းများ အုပ်ချုပ်မှုနှင့် ပြခန်း/ဂုဏ်ပြုယာဉ်များ နေရာစီစဉ်ချထားရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီများက ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ပြခန်းတာဝန်ခံများက ဂုဏ်ပြုယာဉ်များ၊ ပြခန်းများ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရှင်းလင်းဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကိုကို (ခရိုင်ပြန်/ဆက်)