ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ မိမိတို့မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၁:၀၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဈေးများဌာန၊ ဈေးတာဝန်ခံများ နှင့် တွေ့ဆုံကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ဈေးများ ဖွင့်ချိန်/ပိတ်ချိန် သတ်မှတ်နိုင်ရေး အစည်းအဝေးကို သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဈေးသည်၊ ဈေးဝယ်ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော စည်းကမ်း ချက်များနှင့်အညီ လိုက်နာကြစေရေး၊ ဈေးသည်များက Mask, Face shield, Glove လက်အိတ်များ ဝတ်ဆင်ကာ social distancing နှင့်အညီ ဈေးရောင်းချစေရေး ၊ ဈေးဝယ်သူများကလည်း သတ်မှတ်စည်းကမ်းများနှင့်အညီ ဈေးအတွင်း သို့ဝင် ရောက်ကြစေရန်တို့ကို ကြပ်မတ်ဆောင်ရွက်ရေး၊ ဈေးဖွင့်ချိန်ပိတ်ချိန် သတ်မှတ် ရေးများကို ဆွေးနွေးညှိနိုင်းခဲ့ကြသည်။
ထိုသို့ ဆွေးနွေးညှိနိုင်းခဲ့ရာ နံနက်(၀၄:၀၀)နာရီမှ နံနက် (၀၈:၀၀)နာရီ အချိန်အထိ LED မီးတန်းဈေး၊ ကြီးပွားရေးရပ်ကွက် (YBS-7 ကားကြီးဂိတ်)၊ နံနက်(၀၆:၀၀)နာရီ မှ နေ့လယ်(၁၂:၀၀)နာရီထိ သင်္ဃန်းကျွန်းဈေး၊ စံပြဈေး၊ ရတနာဈေး၊ ဂဖူးကွေ့ဈေး၊ သုဝဏ္ဏဈေး၊ ရေနံ့သာဈေး၊ ဘောဂဈေး၊ လေးဒေါင့်ကန် ဖြတ်လမ်း(၂)ဈေးနှင့် ရပ်ကွက်များ အတွင်းရှိ လမ်းဘေး ပျံကျဈေးသည်များ အားလုံး နှင့် ကျွန်းတော ယာယီပျံကျ ဈေးအား နံနက်(၀၆:၀၀)နာရီ မှ နံနက်(၁၂:၀၀)နာရီထိ တစ်ကြိမ် ညနေ(၁၅:၀၀)နာရီ မှ ညနေ(၁၈:၀၀)နာရီထိ တစ်ကြိမ် ဖွင့်လှစ်ရောင်းချ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
အစည်းအဝေးသို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်း၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) နေဘုန်းလတ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)