မုဒုံ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ မုဒုံမြိုနယ်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ “မရှိ၍မလင်း သူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိရောဂါဝေဒနာရှင်များအား အခမဲ့ မျက်စိစမ်းသပ် စစ်ဆေးပေခြင်းနှင့် မျက်မှန်လှူဒါန်းပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မ (၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ လာရောက်ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးရာတွင် လာရောက်ပြသကြသည့် မျက်စိဝေဒနာရှင် ပြည်သူများအား မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအား ပေးစကားများပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတဖွဲ့များက လိုအပ် သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ စမ်းသပ်စစ်ဆေးပေးခြင်းများကို မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Good Vision Glasses ရွှေမျက်မှန်ပရဟိတအသင်းတို့ ပူးပေါင်း၍ “မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် အခမဲ့ မျက်စိပါဝါ စမ်းသပ်ပေးခြင်း၊ One Dollar Glasses မျက်မှန်များအားအခမဲ့ လှူဒါန်းပေးခြင်းနှင့်ခွဲစိတ်ရန် လိုအပ်သူများကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ရန်အတွက် ဆက်လက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစဦးကပြောသည်။
မုဒုံမြို့နယ်တွင်၂၀၂၂ ခုနှစ် စက်တင်ဘာနှင့်အောက်တိုဘာလများတွင် အတွင်းတိမ်လူ နာ ၁၃၁ ဦးအား ကြည့်ရှုစမ်းသပ်စစ်ဆေးပေးခဲ့ပြီး ဆေးသောက်၍ မျက်စိဝေဒနာ ပျောက်ကင်းနိုင်သူ ၂၆ ဦးကိုဆေးဝါးကုသပေးခြင်း၊ မျက်မှန်တပ်ရန်လိုအပ်သူ ၄၀ ဦးကို အခမဲ့တပ်ဆင်ပေးခြင်းနှင့် ခွဲစိတ်ကုသရန်လိုအပ်သူ ၆၃ ဦးကို အခမဲ့ ခွဲစိတ် ကုသပေးခြင်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)