ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး​ဒေါ်အေးမဥ္ဇူက စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ကျောင်းသား/ သူများကို သိပညာပေးဟောပြောရာတွင် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်ဖို့၊ ဉာဏ်အမြော်အမြင်မြင့်မားဖို့၊ စဉ်းစားဆင်ခြင် ဉာဏ်ရင့်သန်ဖို့၊ ဆုံးဖြတ်ချက် မှန်ကန်ဖို့ဆိုတာ လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း၊ ဗဟုသုတ ပြည့်စုံရရှိစေရန်အတွက် ကျောင်းစာသာမက ပြင်ပဗဟုသုတရရှိစေမည့် သုတ/ ရသစာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ မိမိဖြစ်လိုသည့် ရည်မှန်းချက်ပန်းတိုင် ကိုထားရှိရမှာဖြစ်ကြောင်း၊ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အကျိုးရှိသည့်စာပေများကို လေ့လာဖတ်မှတ်ရမှာဖြစ်ကြောင်း စသည်ဖြင့်ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ပြသထားရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)