သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် Mask များ စနစ်တကျ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်

သန်လျင် စက်တင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက သန်လျင်မြို့နယ်အတွင်း လူစည်းကာရာနေရာများ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပေးခြင်းနှင့် ပါးစပ် နှာခေါင်းစည်း Maskများ စနစ်တကျတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်မှု အထောက်အကူပြုကော်မတီ Together Thanlyin မှ ဦးဆောင်ကာ မြို့နယ် အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ထားမလုံဈေး အတွင်း၊ အပြင် ဝင်ပေါက်များမှ ဈေးကြီးအတွင်းသို့ ဝင်ရောက်လာသော ဈေးရောင်းချသူများ၊ ဈေးဝယ်လာ ပြည်သူများနှင့် ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ လမ်းသွား လမ်းလာ ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ် နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း တို့အား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ရှိသူများရှိနေကြောင်း သိရှိရသဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများ မိမိနေအိမ်များ၌သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ နေအိမ်ပြင်ပမှ ထွက်ကြရန်၊ မဖြစ်မနေထွက်ရပါက တစ်ဦးထက်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင် သွားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်နှင့် ရောဂါကူးစက်မှုမရှိစေရေး မည်သည့် အရာကိုမဆို ကိုင်တွယ်ပြီးပါက လက်များအား အနည်းဆုံး စက္ကန့် ၂၀ ကြာ ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောကြရန် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အသိပေးနှိုးဆော်ထားရှိကြောင်းနှင့် သန်လျင်မြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြု ကော်မတီများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူများနှင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)