သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

သာစည် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး၊ လူအများရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာ ဗဟုသုတများဖြင့် ပြည့်စုံသောလူငယ်များပေါ်ထွန်းလာစေရန် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  လူငယ်စကားဝိုင်းကို  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သာစည်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း သူရိယခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။ ထို့နောက် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်ကျော်က ကျေးဇူးတင်စကား ပြောကြားသည်။  ဆက်လက်ပြီး လူငယ်စကားဝိုင်းကို စတင်ရာ အစီအစဉ်တင်ဆက်သူအဖြစ် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းက ဆောင် ရွက်ပြီး အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း Grade 10 မှကျောင်းသူမအိအိထူးစံ က လူငယ်နှင့်ပညာရေး Grade 10 မှမောင်စစ်သွေးအောင်က လူငယ်နှင့်ကျန်းမာရေး၊ Grade11 မှမနှင်းပွင့်ဖြူက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade 9 မှမဆုန်သင်းပါက လူငယ်နှင့်အားကစား၊ Grade11 မှမောင်ဇေယျာဖြိုးက လူငယ်နှင့်စာရိတ္တခေါင်းစဉ် ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/သူများက ဆွေးနွေးမှုအကြောင်းအရာများနှင့်ပတ်သက်ပြီး မိမိတို့အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 အဆိုပါ   လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် များ၊ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)