တစ်ဦးချင်းဝင်ငွေတိုးပွားပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လျှပ်စစ်သံဂဟေဆက်နည်းစဉ်များကို စနစ်တကျအသုံးချသုံးတက်စေရေး အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားမည်

မိတ္ထီလာ ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ  တစ်ဦးချင်းဝင်ငွေ တိုးပွားပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လျှပ်စစ်သံဂဟေဆက်နည်းစဉ် များကို စနစ်တကျ အသုံးချသုံးတက်စေရေးတို့အတွက် အခြေခံသံဂဟေဆက်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) မှ အကြောင်းအမျိုးမျိုးကြောင့် အတန်း ပညာဆက်လက်မသင်ယူနိုင်သူများ အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် အသက်မွေးနိုင်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများ ဖြစ်ထွန်းတိုးပွားလာစေရန်၊ အသေးစားစက်မှုလုပ်ငန်းရှင်များ ဖြစ်လာစေရန်၊ တစ်ဦးချင်းဝင်ငွေ တိုးပွား၍ ဒေသဖွံ့ဖြိုး တိုးတက်လာစေရန်၊ လျှပ်စစ်သံဂဟေဆက်နည်းစဉ်များကို စနစ်တကျ အသုံးချတက်စေရန်နှင့် အခြေခံ သံပန်း၊ သံတံခါး ပြုလုပ်နည်းပညာရရှိစေရန် ရည်ရွယ်၍ အခြေခံလျှပ်စစ်သံဂဟေဆက်နည်းသင်တန်းကို သင်တန်းသား (၁၀) ဦးဖြင့် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အအထိ သင်တန်းကာလ တစ်လကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သံဂဟေဆက်ခြင်းဆိုင်ရာ အခြေခံများ၊ အခြေခံ လျှပ်စစ်သံဂဟေဆက်၊ Welding Positions ၊  Welding  Joints ၊ အတိုင်းအတာများ၊ သံပန်း သံတံခါး လက်တွေ့ပြုလုပ်ခြင်း၊ ထုတ်ကုန်ထုတ်လုပ်ခြင်းနှင့် ကုန်ကျစရိတ်တွက်ချက်ခြင်း စသည့် ဘာသာရပ်များကို နေ့စဉ်နံနက် ၉ နာရိ ၃၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)