ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ    ဒီဇင်ဘာ ၁၂

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ရခိုင်ပြည်နယ်၌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) ကိုယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက် ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို ရခိုင်ပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပထမဆုံးအကြိမ် ဆောင်ရွက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ယခုနှစ် ကျင်းပရမည့် လွတ်လပ်ရေး နေ့အခမ်းအနားသည် ယခင်နှစ်များနှင့်မတူ ထူးခြားထင်ရှားသည့် ဝိသေသလက္ခဏာများဖြင့် ပြည့်စုံသော နိုင်ငံတော်နေ့ထူးနေ့မြတ်အခမ်းအနားတစ်ခုဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ် လပ်ရေးနေ့အခမ်းအနားကို ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများကို စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်ကြရန်လိုအပ်ပါကြောင်း၊ ကော်မတီများမှာ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ကြုံတောင့်ကြုံခဲ့ တိုက်ဆိုင်စွာကြုံတွေ့ရသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေးလုပ်ငန်းကော်မတီများ လျာထားမှု (မူကြမ်း)နှင့် တာဝန်များကို ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးစိုးဝင်းက ဖတ်ကြာ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူးနှင့် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ က(၇၅)နှစ်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြု ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)