မုဒုံ စက်တင်ဘာ ၂၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးရာသီချိန်တွင် မိုးစပါး စိုက်လယ် ဧကကွင်း၌ ဆစ်ပိုးကြိုတင်ကာကွယ်ခြင်းကို တောင်သူများအား ပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ဝတ်တဲမိုးစပါးကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က စပါးများတွင် ကျရောက်သည့် ဆစ်ပိုးများကို ဇီဝနည်းပညာဖြင့် ကာကွယ်နှိမ်နင်းရန်၊ တောင်သူလယ်သမားများ ပိုးသတ်ဆေး သုံးစွဲမှု လျော့ချခြင်းအားဖြင့် စားသုံးသူ များဘေးအန္တရာယ် ကင်းရှင်းသော စိုက်ပျိုးရေး ထုတ်ကုန်များ ရရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးစပါးများ ဆစ်ပိုးကြိုတင်ကာကွယ်ရန် ကပ်ပါးနဂျီ (Trichogramma) များကို လယ်တစ်ဧကလျှင် (၄၀) ကတ် စုစုပေါင်းလယ်ဧက (၄၀) ဧကတို့တွင် ချိတ်ဆွဲခြင်း၊ တိုင်ပြု လုပ်၍စိုက်ထူခြင်းများကို လက်တွေ့ ပညာပေးကွင်း သရုပ်ပြသခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)