လှိုင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကျင်းပ

လှိုင်   ဒီဇင်ဘာ     ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်  ၁၀  နာရီက စာပေချစ်မြတ်နိုးသူများစုပေါင်း၍ စာရေးဆရာမခင်စောတင့်ရေးသားသော “ဘဝအသစ်ရဲ့အစများ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဝင်းသီတာမိုးက စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေမြတ်နိုးသူ အချင်းချင်းရင်းနှီးမှုပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍စာပေချစ်မြတ်နိုးသူများထဲမှမောင်မြတ်မင်းခန့်က“ဘဝအသစ်ရဲ့အစများ” စာအုပ်ပါအကြောင်းအရာမှ အလေးအနက်ဆင်ခြင်မှုမှတစ်ဆင့် အတွေးအမြင် ကြည်လင်မှုသို့ ခေါင်းစဉ်ခွဲကိုဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍တက်ရောက်လာသူများကလည်း တိမ်လွှာပေါ်မှအတွေးရိပ်များ၊ ကြွက်ကလေးပေးတဲ့သင်ခန်းစာ၊ ဘယ်သူမှန်ပါသလဲစသည့် ခေါင်းစဉ်ခွဲများကို အသီးသီးအပြန်အလှန် ဆွေးနွေးကာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများတို့ပူးပေါင်း၍ တစ်လလျှင်တစ်ကြိမ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)