ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ယာဥ်အန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းနှင့် ရောင်ပြန်စတစ်ကာများ အခမဲ့တပ်ဆင်ပေး

ပုဇွန်တောင် ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများအား ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းနှင့် အနှေးယာဉ်များအား ရောင်ပြန်စတစ်ကာများ အခမဲ့တပ်ဆင်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ ဆားလင်းကျောင်းတိုက်ရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာလက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်နှင့် ဝန်ထမ်းများ၊ အမှတ် ၃၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များပူးပေါင်း၍ စက်ဘီး ၁၅ စီး၊ ဆိုက္ကား ၂၀ စီးတို့အား ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရောင်ပြန်စတစ်ကာများ အခမဲ့တပ်ဆင်ပေးခြင်း၊ မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်စေရေးအတွက် လိုက်နာရမည့်နည်းလမ်းများ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်