ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ကွက်အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို အဆိုပါ မြို့နယ်ရှိ (က)ရပ်ကွက်၊အောင်တံခွန်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပေးခြင်းဖြစ်ပါကြောင်း၊ ပြည်သူများ လူမှူစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လူတိုင်းကိုယ်စီ အလုပ်လုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးဖို့ လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဆန်းက ပြည်သူများ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို နေ့/ညမပြတ် ဆောင်ရွက်နေပါကြောင်း၊ အမှုအခင်းမဖြစ်ပွားမီ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးပါကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်က မြို့သန့်ရှင်းသာယာလှပရေး အမှိုက်ကင်းစင်ရေးကို ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်က ပြည်သူများ လျှပ်စစ်မီးလင်းရေးအတွက် အချိန်မှန်မှန်ရရှိအောင် ကြိုးစားဆောင်ရွက်ပေးမည့် အစီအမံများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနှင်းဇော်သိန်းက ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးမှုနှင့် ကလေးအသက်(၂)နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးမင်းစိုးနိုင်က အချိုးကျ ကိုယ်စားပြုစနစ်(PR System) ဖြစ်သော ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက် ရရှိသည့် ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးသည့် စနစ်ဖြစ်ပါကြောင်း အသီးသီး ရှင်းလင်းဆွေးကြရာ တက်ရောက်လာကြသည့် ပြည်သူများက မိမိတို့သိရှိလိုသည်များ မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)