ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွင် စိုက်ပျိုးထားသော (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော (ဆင်းရွှေကြာ-၂) နေကြာ မျိုးများ ဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့များ၊ စိုက်ပျိုးနည်းပညာများ ကူညီပံ့ပိုးမှုဖြင့် ကျေးရွာအုပ်စု(၈)အုပ်စုမှ တောင်သူ(၂၉)၏ ယာမြေများတွင် စိုက်ပျိုးထားရှိရာ မှိုင်းပန်ကျေးရွာ ကွင်းအမှတ်(၃၂၃-ခ) ဦးပိုင်အမှတ်(၈၀) တောင်သူဦးလှဌေး၏ ယာမြေ(၁၀)ဧတွင် စိုက်ပျိုးထားသော (ဆင်းရွှေကြာ-၂) မျိုးစေ့ထုတ် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။  

ကျောက်ဆည်မြို့နယ်အနေဖြင့် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ် စိုက်ခင်းများကို ဒွေးလှကျေးရွာ တောင်သူ(၆)ဦးမှ (၁၀)ဧက၊ ကျီးအိပ်ကျေးရွာ တောင်သူ(၅)ဦးမှ (၁၀)ဧက၊ ရှားပင်ကျေးရွာ တောင်သူ(၇)ဦးမှ (၂၀)ဧက၊ ရဲဘော်ကြီးကျေးရွာ တောင်သူ(၁)ဦးမှ(၁၀)ဧက၊ ညောင်ရွှေကျေးရွာ တောင်သူ(၅)ဦးမှ (၁၀)ဧက၊ ပြည်ပန်းကျေးရွာ တောင်သူ(၂)မှ (၅)ဧက၊ မြနဒီခြံမှ (၁၅)ဧက၊ မှိုင်းပန်ကျေးရွာ တောင်သူ(၂)ဦးမှ (၂၀)ဧက စုစုပေါင်း (၁၀၀)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

မျိုးစေ့ထုတ် ဆင်းရွှေကြာစိုက်ခင်းများ အောင်မြင်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ တောင်သူများနှင့် ပူးပေါင်း၍ တစ်ဧက တင်း(၆၀)ထွက်ရှိရေး ထယ်ရေးညက်ညက်ဖြစ်အောင် မြေပြုပြင်ပြီး တစ်ဧကမျိုးစေ့ (၃)ပြည်အသုံးပြုပြီး အပင်ပေါက်သေချာစေရန် မြေတွင်းအစိုဓာတ် လုံလောက်ချိန်တွင် အနက်တစ်လက်မခွဲမှ နှစ်လက်မထက် မနက်စေဘဲ သတ်မှတ်အပင်ဦးရေ (၂၉၀၀၀)ဝင်ဆန့်စေရန် တန်းကြား(၂)ပေ၊ ပင်ကြား(၉) လက်မဖြင့် (၁)ကျင်းလျင်မျိုးစေ့ (၂)စေ့နှုန်းဖြင့် စနစ်တကျစိုက်ပျိုးခဲ့ကြောင်းနှင့် သွင်းအားစုအနေဖြင့် ထယ်ရေး ပြင်ချိန်တွင် တစ်ဧက နွားချေးနှင့် မြေဆွေးတစ်မျိုးမျိုးကို နွားလှည်း(၅)စီးမှ(၁၀)စီး၊ယူရီယား(၁၁၂)ပေါင်၊ တီစူပါ(၅၆)ပေါင်နှင့် ပိုတက်ရှ်(၅၆)ပေါင် အသုံးပြုပြီး အဖူးဝင်ချိန်တွင် ယူရီးယား(၅၆)ပေါင် ထပ်မံထည့်သွင်း စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

သက်မောင်(ကျောက်ဆည်)