ပင်လုံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်း စားများ၏ အိမ်ထောင်စုများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ပင်လုံမြို့ ရပ်ကွက်(၂)၊ ရွှေပြည်သာအတွင်းရှိ အခြေခံလူတန်းစားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူး ဦးစိုင်းရွှေထွန်း က ထောက်ပံ့ငွေပေးရခြင်း၏ ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံ လူတန်းစားများ၏ လက်ဝယ်အရောက်ပေးပို့ရမည့် နည်းလမ်းများအား ရှင်းလင်း ပြောကြားပြီး ရပ်ကွက်(၂)အတွင်းရှိအိမ်ထောင်စု (၂၁၈၂)စု အနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (၅၂၇)စု အတွက် သက်ဆိုင်ရာ အခြေခံလူတန်းစား မိသားစုဝင်များထံသို့ တတိယအကြိမ် လက်ဝယ်အရောက် ပေးအပ် သွားမည် ဖြစ်ကြောင်းသိရသည်။
ယနေ့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင် (၈၅)စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် တတိယအကြိမ်ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိအိမ်ထောင်စုများအား နောက်နေ့များ၌ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများနှင့် ရပ်ကွက်စာရေးတို့က ဆက်လက်ပေးအပ် သွားမည်ဖြစ်ကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ