ပခုက္ကူ ဒီဇင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌ GENDER, CEDAW, NSPAW နှင့် UNSCR 1325 အသိပညာပေးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၈) ရပ်ကွက်၊ မူလတန်း ကြိုကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပခုက္ကူခရိုင် လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ကျား/မကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုအမျိုးမျိုးတို့ကို သိရှိလာစေပြီး တုန့်ပြန်ကာကွယ်တတ်လာစေရန်၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက သဘောတူသတ်မှတ်ပြဋ္ဌာန်းခဲ့သော အမျိုးသမီးအခွင့်အရေးများ ရရှိစေရန်အတွက် မူဝါဒအနေဖြင့်အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းချမှတ် အကောင်အထည် ဖော် ဆောင်ရွက်မှုများနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ခဲ့သော အမျိုးသမီးများနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးအကြောင်းအထူးသီးသန့်ဆွေးနွေရန် ဆုံးဖြတ်ခဲ့ကြသော ဆုံးဖြတ်ချက်များ အား သိရှိစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းအား ယနေ့နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၅၀ ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်(ဓာတု)