ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပ

မြစ်သား    ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က(မြစ်သား) ရှိ ကျန်စစ်သားခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်သီတာအောင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များပြောကြားရာမှာ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်များအချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စဥ်းစားတွေးခေါ်မှုစွမ်းရည်များရှင်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့်လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို  ဦးဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်၍  ဆောင်ရွက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး အ.ထ.က(မြစ်သား)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို  ဆက်လက်ကျင်းပရာ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်အ.ထ.က( မြစ်သား)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်ယဥ်ကျေးမှု၊  လူငယ်နှင့်စာရိတ္တ၊  လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာပေ၊  လူငယ်နှင့်ဖုန်းအသုံးပြုမှုစသည့် ခေါင်းစဥ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ ကြ ပြီး အခမ်းအနားသို့တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရသည်။

လူငယ်စကားဝိုင်းသို့  မြို့နယ်ပညာရေးမှူးရုံးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးဦးကျော်ဟန်၊ ကျောင်းအုပ် ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၈၀)ဦးတက်‌ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား သော စာအုပ်ပြပွဲကို စိတ်ဝင်စားစွာ  ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)