မိုးကောင်း စက်တင်ဘာ ၂၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ကြီးကြပ်၍ မိုးညှင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင် နိုင်စေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မိုးကောင်းမြို့နယ်အတွင်းရှိ ငါးမွေး တောင်သူ(၂၂)ဦးအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီခွဲတွင် ငါးသားပေါက် ကောင်ရေ နှစ်သိန်း ခြောက်သောင်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် အဆိုပါတောင်သူများ၏ ငါးမွေးကန်ဧကစုစုပေါင်း (၁၃၄ ဒသမ ၇၀၂) ဧကအတွက် တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀၀၀)နှုန်းဖြင့် ငါးသားပေါက် (ငါးမြစ်ချင်း၊ ငါးခုံးမ)ကောင်ရေ (၂၆၉,၄၀၄)ကောင်ကို ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလေးနိုင်နှင့် မိုးကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းတို့က ငါးမွေးတောင်သူများသို့ ပေးအပ်ခဲ့သည်။
“ငါးမွေးတောင်သူများရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ငါးမွေးတောင်သူတွေရဲ့အခန်းကဏ္ဍ ပြန်လည်ဖွံ့ဖြိုးဦးမော့လာစေဖို့အတွက် နိုင်ငံတော်က ငါးသားပေါက်တွေ ထောက်ပံ့ ပေးတာကို ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟု မိုးညှင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးလေးနိုင်ကပြောသည်။
သန်းလွင်ဦး(ပြန်/ဆက်)