ဒလ ဒီဇင်ဘာ ၁၂
ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယခုလို လူငယ်စကားဝိုင်းများ ကျင်းပပေးခြင်းသည် ယနေ့ခေတ် ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဆိုတဲ့ ဗလငါးတန် ပြည့်ဝစေရန်၊ လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများမျှဝေနိုင်ပြီ၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနဲ့တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က မြို့မ(၄)ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ယုဇနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက လူငယ်စကားဝိုင်းကျင်းပရခြင်းအကြောင်းကို ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများရရှိစေမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး၊ အထက်တန်းပြဆရာမ ဒေါ်ချိုအိမွန်က အမေးအဖြေ ကဏ္ဍတွင် ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ခဲ့ရာ၊ Grade-11 မှ မောင်ခန့်ဝေလင်းက လူငယ်နှင့်စာဖတ်ခြင်းကိုလည်းကောင်း၊ Grade-10 မှ မအင်ကြင်းမွှေးက လူငယ်နှင့်ကျန်းမာရေးကိုလည်းကောင်း၊ Grade-10 မှ မောင်ရဲမြတ်ဦးက လူငယ်နှင့်အားကစားကိုလည်းကောင်း၊ Grade-10 မှ မောင်အောင်ဟိန်းမြတ်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တာရယ်ကိုလည်းကောင်း၊ Grade-11 မှ မောင်ညီညီမင်းထက်က လူငယ်နှင့်ရည်မှန်းချက် စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများထဲမှ ခေါင်းစဉ်အလိုက် သိရှိလိုသည် များကို မေးမြန်းခဲ့ရာ ဆွေးနွေးခဲ့သော ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးစစ်ကြောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်းအင်အား (၂၅၀) ဦးတက်ရောက်ခဲ့ကြသည်။
ယနေ့ ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်နှင့် စာအုပ်များ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြင့်ဇော်(ပြန်/ဆက်)