ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေး ရှင်လင်းပွဲ ပြုလုပ်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေးရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ ရှင်းလင်းပွဲကို ဆက်လက်ပြုလုပ်ရာ ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး သိန်းဇော်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ် (၂၀၂၂ ခုနှစ်) ပြဌာန်းရခြင်း၏ အဓိကအကြောင်းအရင်းများ၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၄ ခုနှစ်နှင့် ၂၀၂၂ခုနှစ်)၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များ ဆိုင်းငံ့ထားရှိမှု၊ သိရှိထားသင့်သော ပြဌာန်းချက်များ၊ သတိပြုရမည့် ပုဒ်မများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (အခန်း - ၈)၊ ၂၀၁၄ ခုနှစ် အသင်းအဖွဲ့ ဥပဒေအရမှတ်ပုံတင်ခွင့်ပြုခဲ့သည့် အသင်းအဖွဲ့များ စသည့် အကြောင်းအရာများအား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝေယံ (IPRD)